အံဆုံးသွားတိုင်း နှုတ်ဖို့လိုသလား
အံဆုံးသွားဆိုတာ ကျွန်တော်တို့ရဲ့ ခံတွင်းထဲက အနောက်ဘက်ဆုံး သွားဖုံးကနေ ပေါက်လာတဲ့ သွားကို ခေါ်တာဖြစ်ပါတယ်။ အံဆုံးသွားဆိုတာနဲ့ လူတော်တော်များများက မဖြစ်မနေ နှုတ်ပေးဖို့ လိုတယ်ထင်ပေမယ့် တကယ်တမ်းက လုံးဝမဟုတ်ပါဘူး။ ဘယ်လိုအခြေအနေတွေမှာလဲဆိုရင် အံဆုံးသွားသည်
· ကျန်းမာသန့်ရှင်းနေတာ
· သွားဖုံးကိုလုံးဝထွက်ပြီး အပြီးထိပေါက်သွားတာ
· သွားအနေအထားမှန်ကန်ပြီး ဘေးကို ချော်ထွက်နေတာမျိုးမရှိတာ
· စားသောက်နေထိုင်မှုပုံစံကို အဟန့်အတားမဖြစ်စေတာ
· နာကျင်ကိုက်ခဲမှု၊ ပိုးဝင်တာတွေမရှိတာ
· နေ့စဉ်သွားသန့်ရှင်းရေးလုပ်ဖို့ လွယ်ကူအဆင်ပြေတယ်ဆိုရင် ဒီအံဆုံးသွားကို လုံးဝနှုတ်ဖို့ မလိုအပ်ပါဘူး။
အံဆုံးသွားထွက်လာပြီး အတိုင်းအတာတစ်ခုအထိ သွားက အပြင်ကို သိသိသာသာထွက်လာပြီဆိုရင် သွားနဲ့ခံတွင်းဆရာဝန်နဲ့ သေချာပြသကြည့်သင့်ပါတယ်။ (၆) လ တစ်ကြိမ် သွားဆရာဝန်နဲ့ ပုံမှန်ပြသူတွေကတော့ သွားဆေးခန်းပြတာနဲ့ သွားဆရာဝန်ကိုယ်တိုင် စစ်ဆေးပြီး အံဆုံးသွားအခြေအနေကို ပြောသွားမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့သွားက အပေါ်က အခြေအနေအတိုင်းဖြစ်နေတယ်ဆိုရင် ဆရာဝန်က အချိန်အနည်းငယ်စောင့်ကြည့်ပြီး ထူးခြားပြောင်းလဲမှုမရှိဘူးဆိုတာနဲ့ သွားနှုတ်ဖို့ အကြံပေးမှာမဟုတ်ပါဘူး။
ဒါပေမယ့် သွားနှုတ်သင့်တယ်လို့ ဆရာဝန်ကိုယ်တိုင် ပြောလာမယ့် အခြေအနေတွေကတော့
၁။ သွားဖုံးထဲမှာ အံဆုံးသွားက လုံးဝမြှုပ်နေပြီး အပြင်ကိုမထွက်လာတာကြောင့် အထဲမှာပိတ်မိနေပြီး ပိုးဝင်တာ၊ အရည်ကြည်အိတ်ဖြစ်လာတာ၊ သွားအမြစ်တွေကို ထိခိုက်မိတာ
၂။ သွားဖုံးအပေါ်ကနေ သမားရိုးကျမပေါက်လာဘဲ သွားဖုံးဘေးကနေ ဖောက်ထွက်လာတာ
၃။ သွားဖုံးပေါက်တဲ့နေရာက သန့်ရှင်းရေးလုပ်ဖို့ လုံးဝမလွယ်ကူတာကြောင့် သွားပိုးစားနေပြီး ဘက်တီးရီးယားပိုးတွေ အမြစ်တွယ်နေတာ
၄။ အံဆုံးသွားပေါက်လာတာကြောင့် ဘေးကသွားတွေနဲ့ ပြည့်ကြပ်ပြီး သွားဆက်ပေါက်ဖို့ နေရာအပိုမရှိတာ
၅။ အံဆုံးသွားပေါက်တဲ့နေရာဟာ ပုံမှန်သက်သောင့်သက်သာမရှိတဲ့ ခံစားချက်မျိုးမဟုတ်ဘဲ နာကျင်မှုကို နေ့စဉ်နဲ့အမျှ ခံစားနေရတာ
၆။ အံဆုံးသွားအနောက်မှာ မကြာခဏ အနာဖြစ်တာ၊ ပိုးဝင်တာ
၇။ အံဆုံးသွားပေါက်တဲ့အတွက် အကျိတ်လိုမျိုး အလုံးတွေ ဖြစ်လာတာ
၈။ အံဆုံးသွားပေါက်လာတာကြောင့် ဘေးကသွားတွေကို ထိခိုက်ပျက်စီးစေတာ၊ ချောင်လာစေတာ
၉။ သွားဖုံးရောဂါ ဒါမှမဟုတ် သွားဖုံးထဲ ပိုးဝင်တာ
၁၀။ အံဆုံးသွားပေါက်တဲ့နေရာဟာ နာကျင်လွန်းတာကြောင့် အစာစားမရတာ၊ နေမကောင်းဖြစ်တာ စတဲ့အကြောင်းရင်းတွေကြောင့် အံဆုံးသွားကို နှုတ်ရနိုင်ပါတယ်။
အံဆုံးသွားဟာ အသက် (၁၇) နှစ်မှ အသက် (၂၅) နှစ်ကြားပေါက်နိုင်ပြီး တချို့လူတွေမှာ အသက် (၃၀) အရွယ်အထိ ပေါက်လာနိုင်ပါတယ်။ သွားဖုံးကနေ စပြီး အံဆုံးသွားဖောက်ပြီး အပြင်ထွက်လာတာနဲ့ သိနိုင်သလို ဒီသွားက အပြင်ကို လုံးဝပြည့်ပြည့်စုံစုံပေါက်လာဖို့ဆိုတာ နှစ်အနည်းငယ် ကြာမြင့်နိုင်ပါတယ်။
အံဆုံးသွားဟာ သွားဖုံးရဲ့အနောက်ဘက်ဆုံးမှာ ပေါက်တာဖြစ်သလို အပြည့်မပေါက်သေးတဲ့အချိန်မှာ သွားသန့်ရှင်းရေးလုပ်ဖို့ သိပ်အဆင်မပြေတာကြောင့် သွားချေးကျောက်တွေ မကြာခဏတက်နိုင်ပါတယ်။ ဒီအတွက် သွားဆရာဝန်နဲ့ ပြတဲ့အခါ ကိုယ့်ရဲ့ အံဆုံးသွားက နှုတ်ဖို့မလိုအပ်ဘူးဆိုရင်တောင် သွားသန့်ရှင်းရေးကို မဖြစ်မနေ လုပ်ပေးဖို့ အရေးကြီးပါတယ်။
အကယ်လို့ အကြောင်းအမျိုးမျိုးကြောင် အံဆုံးသွားနှုတ်ရမယ်ဆိုရင်
၁။ သွားနှုတ်ဖို့အချိန်ကို သေချာသတ်မှတ်ပြီး ကျောင်း၊ ရုံးသွားတာ၊ အလုပ်လုပ်တာမျိုးတွေ မလုပ်သင့်ပါဘူး။
၂။ သွားအခြေအနေပေါ်မူတည်ပြီး သွားနှုတ်တာက မိနစ်ပိုင်းကနေ နာရီပိုင်းလောက်အထိ ကြာနိုင်ပါတယ်။
၃။ သွားနှုတ်ပြီး ဆေးရုံတက်စရာမလိုဘဲ အိမ်တန်းပြန်နိုင်ပါတယ်။
၄။ ထုံဆေးပြယ်သွားတဲ့အခါ သွားနှုတ်တဲ့နေရာက နာကျင်မှုဟာ မခံမရပ်နိုင်အောင် ပြင်းထန်နိုင်တဲ့အတွက် အကိုက်အခဲပျောက်ဆေးတွေ ကြိုသောက်ထားဖို့ လိုပါတယ်။
၅။ သွားနှုတ်တဲ့နေရာမှာ ဂွမ်းစကို မကြာခဏလဲပေးပါ။
၆။ ရက်ပိုင်းလောက်အထိ အမာစာ၊ ပူလွန်း၊ အေးလွန်းတဲ့ အစားအစာတွေကို စားလို့မရပါဘူး။
၇။ သွားဆရာဝန်နဲ့ ရက်ချိန်းအတိုင်း ပုံမှန်ပြသပေးပါ။
၈။ သွားနှုတ်ထားတဲ့ဒဏ်ရာ သက်သာပြီဆိုရင် ဆရာဝန်နဲ့ ပြန်ပြီး သူ့အပေါ် ဒါမှမဟုတ် အောက်က ပေါက်နေတဲ့အံဆုံးသွားကိုပါ နှုတ်ပေးပါ။ အကယ်လို့ ကိုယ်က အစကတည်းက နှစ်ချောင်းလုံးနှုတ်ခဲ့ရင်တော့ ပြဿနာမရှိပါဘူး။
ရေးသားသူ - ရဲမျိုးမြတ်